Monday, December 7, 2009

စိတ်ထဲကဒီဇင်ဘာ


ဒီဇင်ဘာ
တစ်ခါရောက်ပြန်ပြီ
တစ်ခုသောဒီဇင်ဘာမှာ
ငါ့ အမမွေးတယ်
တစ်ခုသော ဒီဇင်ဘာမှာ
ချစ်သူမွေးလာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ကိုယ့်မြေပေါ်ကစခွာတယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ အိမ်ထောင်ရှင်ဖြစ်တယ်
တစ်ခုသောဒီဇင်ဘာမှာ
ငါ ချစ်သူ အိမ်ရှင်မ
အိမ်ရှင် မ စရာမရှိလို့
အိမ်ရှာဘို့ ကိုယ့်မြေပေါ်က
ခွာရပြန်တယ်.
ဘ၀တစ်သက်တာ
ဒီဇင်ဘာ အခါသုံးဆယ်ဖြက်
အိမ်ထောင်ရှင်သက်
ဒီဇင်ဘာနှစ်ခါဖြက်ပြီးတာတောင်
ငါ့ချစ်သူလေး
အိမ်ရှင်မ မဖြစ်ရှာသေးဘူး
မထူးတော့မယ်အတူတူ
လာမယ်ဒီဇင်ဘာတော့
ရာသီအေးအေးလေးမှာ
ဘာမှမတွေးဘဲ
အိမ်ရှင် မ“မ”ရသေးတဲ့
ချစ်သူဘေးမှာ
ကွေးကွေးလေးနေချင်တယ်......
ရေးသူ ကိုဟန်

Tuesday, November 17, 2009

မေ့ကျန်ပစ္စည်းများ


ချစ်သူမျက်နှာ

ကြည့်မ၀ခင်မှာပဲ

အလုပ်ထဲကို

ခန္တာချည်းပဲ ပြန်ရောက်လာခဲ့တယ်

နှလုံးသားတွေ

ချစ်ချင်းတရားတွေ

စဉ်းစားဥဏ်တွေ

မလှပနိုင်သေးတဲ့

ကိုယ်ပိုင်နေရာကအပြန်မှာ

ပြုတ်ကျကျန်ခဲ့တယ်

ချစ်သူရေ..

လေယာဉ်ပြေးလမ်းမှာ

ပြုတ်ကျကျန်ခဲ့တဲ့

ကိုယ့်ရဲ့ ရှိစုမဲ့စုလေးတွေကို

သွားကောက်ပြီး

အသိမဲ့ခန္တာ

ပြန်လာတဲ့အထိ

သိမ်းထားပါနော်

ရေးသူ ကိုဟန်


Monday, September 28, 2009

လှေပွဲ


လှေခွက်ကြီးကျန်
အလံမလှဲစတမ်း
လေကြမ်းကြမ်းထဲမှာ
ပန်းတိုင်ကိုလှော်ကြရင်း
အလံလဲစုတ်
လှေခွက်လဲမြုတ်လုပြီ
ပြိုင်ဘက်လှေတွေလဲ
အကွဲကွဲအပြဲပြဲနဲ့
ဝဲဂရက်ထဲကျန်ခဲ့ပြီ
အလံစုတ်နဲ့
မြုတ်လုလုလှေခွက်ချည်းသာ
ပန်းတိုင်နားကပ်လာတယ်
လှေသားတို့ရယ်
အားမလျော့လိုက်ပါနဲ့
အလံစုတ်နဲ့
မြုတ်မယ့်လှေကို
ပန်းတိုင်ရောက်မှပြင်ကြမယ်
သြော်
တော်တော်အပြောကောင်း
ပန်းတိုင်ရောက်မှတော့
ဒီလှေစုတ် ဘာလုပ်ရမလဲ
အဲလိုတော့မမေးလိုက်ပါနဲ့
နောင်တစ်ချိန်မှာ
ငါ တို့
လှေစုတ်နဲ့ပန်းဝင်ခဲ့တာ
သမိုင်းတွင်နေပါလိမ့်မယ်

ရေးသူ ကိုဟန်

Friday, September 25, 2009

အမိမြန်မာပြည်


နှစ်အတန်ကြာက
မြန်မာဘုရင်ကို
ဗျိတိန်ဘုရင်ကိုရွှေဂျော့က
သကြားလုံးစားကြရအောင်ဆိုပြီး
ကျွန်းကလေးပေါ်
လိန်ခေါ်သွားတယ်..

ဗျိတိသျှလက်အောက်
မြေပုံပျောက်ပြီး
အနှစ်တစ်ရာအကြာ
မြန်မာတွေ
ပင်ပန်းကြီးစွာ
မြေပုံပြန်ရှာတွေ့
မြန်မာ့မြေပုံအရေး
စာချူပ်တောင်မချူပ်ရသေးခင်
မြေပုံရှာတဲ့ မြန်မာတွေ
မြန်မာသတ်လို့သေတယ်..

ရှိနေတဲ့ မြန်မာတွေနဲ့
စာချူပ်လေးချူပ်
တိုင်းပြည်လုပ်မယ်ကြံတုန်း
မြန်မာနဲ့ မြန်မာနှစ်ခြမ်းဖြစ်
စစ်တွေခင်းကြ
ဗျိတိသျှနဲ့တိုက်တာတောင်
အဲလောက်မကြာဘူး
ဖြူနီပြာဝါ အရောင်ကိုစုံလို့
သေနာပတိဆီကအာဏာ
သေနာပတိသိမ်းတော့
အဲဒီမြေမှာ ငါ မွေးတယ်
ရလတ်ကြီးစွာ
ရလိုက်တာက
ငါ နှစ်သုံးဆယ်ကြာတာတောင်
ဘာမှမသိ ဘာမှမရှိ

တစ်ဖြေးဖြေးဆုတ်ယုတ်
ငါ့ထက်ကြီးသူတွေက
လင်ကွန်း ဆိုတာမကြားဘူးတော့
ငါ့ လက်ထက်ကျ
မာဂရက်သက်ချာ ဆိုတာ
ဘာလဲမသိတော့
ငါ့ထက်ငယ်သူတွေကျတော့
နတ်မောက် ဆိုတာ
ဘယ်မှာရှိမှန်းမသိတော့
ဖြစ်ချင်တာဖြစ်ပါစေ
ငါ မြန်မာဖြစ်လေတော့
သတိရှိစွာ
ဘာမှမသိလဲ
ကိုယ့်မြေကြီးပေါ်မှာ
မျက်စေ့ကိုမှိတ်
နားကိုပိတ်ပြီး
မိုက်မဲစွာလူလုပ်မယ်...


ရေးသူ ကိုဟန်

များမကြာမှီ

ငါးထောင်တန်တဲ့.................... ရင်မောမိတယ်ဗျာ
လမ်းအကျိုအကြားမှာ
ခြင်္သေ့ဖမ်းနေတာ
တော်တော်ကြာပြီ
အဲဒါတောင်မမိသေးဘူး
လာပြန်ပြီ
ခုတစ်ခါ
ဆင်ဖမ်းရတော့မှာပါလား....
ရေးသူ ကိုဟန်

Wednesday, September 23, 2009

ဒို့ကျောင်းရှေ့ကသစ်သီးပင်



အမှည့်ဝင်းဝင်း
သီးကင်းဖုတ်ဖုတ်တဲ့
ကြားခါစက
နားဝမှာတောင်လက်မခံချင်ဘူး
နိယာမရဲ့ဇောက်ထိုးလေ
ဘာတွေဖြစ်နေနေပေါ့
အကင်းဆိုတာ
ရင့်လာရဦးမယ်
မှည့်လာရဦးမယ်
ရင့်မှည့်နေတဲ့ သစ်စေ့ကနေ
မျိုးဆက်တွေချန်ခဲ့ရဦးမယ်
မဖြစ်မနေ သဘာဝရဲ့
တာဝန်တွေလေ


မနက်ကမှကြည့်မိတယ်
ဒို့ကျောင်းရှေ့မှာတော့ကွယ်
သီးမှည့်ဝင်းဝင်းတွေဟာ
အညှာပေါ်မှာတောင်
မတဲနိုင်ရှာလို့
အကိုင်းဂွကြားမှာ
အခန့်သားထိုင်ပြီး
မျိုးစေ့ချထားရေးကိုညင်းဆန်လို့


အကင်းတွေ အကင်းတွေ
မြေပေါ်မှာ ကားနင်းတာနင်း
လူနင်းတာနင်း
ရှိရင်းစွဲ အစိုဓာက်လေးနဲ့
ရင်ကွဲပက်လက်
ကျေမွရက်နဲ့
ရက်စက်လှတဲ့သစ်ပင်
မြူနီစပယ် မမြင်ခင်
ခုတ်ပစ်ချင်တယ်....
ရေးသူ ကိုဟန်

Tuesday, September 15, 2009

၂၁ ရာစု “မှန်”


ကြည်နေတဲ့အလွှာ
ကန့်လန့်ကာထားလည်း
အချားတစ်ဘက်ကိုမြင်စေဘို့
“မှန်”လို့နာမယ်ပေးတယ်...
နှစ်ဘက်လုံးမှာ
အမှန်တရားနဲ့
ဘယ်နားက ကြည့်ကြည့်

တဘက်ကိုပြဒါးသုတ်
နောက်တစ်ဘက်က ရုပ်ကိုဖုံးကွယ်
ကိုယ်ရပ်နေတဲ့ဘက်ရဲ့
ရှိနေတဲ့ အမှန်ကိုမြင်စေဘို့
“မှန်”လို့နာမယ်ပေးတယ်
ရှိနေတဲ့တစ်ဘက်တော့
အမြဲလိုလို
အမှန်ကိုပြ
ဟိုရှေးရှေးကပေါ့


ခုတော့လေ
အသစ်သစ်
ဖြစ်လာတာက
“တစ်ဘက်မြင်မှန်”တဲ့ဗျာ
တစ်ဘက်ထဲမြင်မှတော့
ဘယ်လိုလာ မှန်မလဲ
သုံးထပ်သားကာရင်မှ
နှစ်ဘက်လုံးမှာ
တရားမျှဦးမယ်

အရှိတရားကိုဆွဲဆန့်ဘို့
မှန်ကော့ကော့တွေ
အရှိတရားကိုဆွဲချူံ့ ဘို့
မှန်ကုန်းကုန်းတွေ
အားလုံးကိုလဲ
“မှန်”လို့ပဲခေါ်နေရလေတော့
အရင်က “မှန်” တွေအားနာတယ်....


ရေးသူ ကိုဟန်

Thursday, September 10, 2009

နိစ္စဒူဝ အပိုင်းအစတွေ




နိစ္စဒူဝ
မထချင်ပါပဲ
အိပ်ရာထရတယ်

နိစ္စဒူဝ
မသွားချင်ပါပဲ
အလုပ်ထဲကိုသွားရတယ်

နိစ္စဒူဝ
ညင်းမရတဲ့
တာဝန်တွေနဲ့
ငါ အသက်ရှင်နေတာ
အတော်ကြာပါပေါ့

ငယ်ငယ်က
စိတ်ကူးရဘူးတဲ့
အေးချမ်းတဲ့နေရာ
သစ်ရိတ်တစ်ခုမှာ
ကဗျာတွေရေးလို့
ငြိမ်းအေးလှတဲ့
နိစ္စဒူဝ
ဘယ်တော့များမှရမလဲ

၇ ရက်နေ့ကမတွေ့ဘူးလိုက်တဲ့ နှင်းနဲ့မာယာ ရဲ့တက်ဂ် ကိုရေးပါတယ်........

ရေးသူ ကိုဟန်
ကိကီ ရေးသွားတာ ကျနော့်ကဗျာထက်ဖက်ကောင်းနေတာနဲ့တင်ထည့်လိုက်တယ်ဗျာ.....:P
ကိစ္စများမြောင်
လူတို့ဘောင်ဝယ်
မလုပ်မကောင်း
လုပ်တော့ ညောင်း၏
မပြောမကောင်း
ပြောတော့ စောင်း၏
မပေါင်း မကောင်း
ပေါင်းတော့ ဂျောင်း၏..
မလုပ်မဖြစ်
လုပ်တော့ ညစ်၏ ။

နောက်ဆုံးမာန

နှင်းဆီတဲ့....... တော်တော်များများကဗျာဆန်ဆန်သုံးလေ့ရှိကြတဲ့ ပန်းနာမယ်ပေါ့..၊ ဒီနေ့လဲ အဲဒီနှင်းဆီဆိုတဲ့ ပန်းနာမယ်ကို ခေါင်းထဲရောက်လို့နေတယ်..။ ငယ်ငယ်က အလွတ်ရခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုလဲ အမှတ်ရတယ်..။ ရေးသူဘယ်သူဆိုတာကို မသိပေမဲ့ ငယ်ငယ်က အလွတ်ကိုရခဲ့တာလေ..ကိုယ်ခံစားရတာနဲ့တူလွန်းတာကြောင့်ပေါ့ ။အခု လက်ရှိ ကိုယ့်အခြေအနေလေးနဲ့လဲယှဉ်တွေးမိတယ်..။ပေါင်းမသင်လို့မရှင်သန်တာလား တကယ်ပဲသြောဇာဖျင်းလို့ အပင်မသန်တာလား..။ ဘာပဲဖြစ်ဖြစ်လေ.........




နှင်းဆီတစ်ပင်
ပေါင်းမသင်၍
မရှင်သန်ခြင်း
အလျှင်းမဟုတ်
ကျွူန်ပ်ပေါက်ရာ
ဤမြေလွှာသည်
သြောဇာညံ့ဖြင်းလွန်းတကား




ငယ်ငယ်က
အလွတ်ရခဲ့တဲ့ ကဗျာပေါ့
စဉ်းစားမိတာ
ငါသာ နှင်းဆီပင်ဆိုရင်
ညံ့စမ်းပါစေ သြောဇာ
ငါ ဂရုမစိုက်
ကိုယ်ပေါ်ကကြွေကျ
မြေခတဲ့အရွက်
ဆွေးသွားတဲ့အခါ
မြေသြောဇာပေါ့
မလုံလောက်ရင်နေ
အပွင့်တွေတော့ ပေးချင်တယ်
သေးချင်သေးပါစေ
ဈေးကွက်မ၀င်
မအောင်မြင်တဲ့နှင်းဆီ
ဖြစ်ချင်ဖြစ်ပါစေ
မွှေးရနံ့တွေနဲ့
အေးမြနေမယ်ဆို
တကယ်ကို ကျေနပ်ပြီ...

ရေးသူ ကိုဟန်

Sunday, September 6, 2009

ရေကြောက်သူ

ဒီနားကအိုင်လေးလား
ဟို မြောင်းကြားကလျှံတက်တာလေ
အံမာ ပေါ့ပေါ့လေးဗျ

ဟိုနားက မြောင်းလေးလား
တောင်ဘက်ချောင်းကစီးလာတာလေ
သြော်...ပေါ့ပေါ့ပါးပါးပဲ

မြစ်ကကျိုးရင်အင်းဖြစ်
ဖြစ်တဲ့အင်းမှာ
ငါးရှာထွက်ဦးမယ်ဆိုပဲ
အံမာ
ပျော်နေလိုက်ကြတာ

တစ်မြို့လုံးရေမြုတ်မှ
ဒင်းတို့ မှတ်ကြရော့မယ်
ပေါ့ပေါ့ပါးပါး
ဖြစ်ဦးမလားလို့

ကျနော့်တော့ဗျာ
အိုင်လေးကိုလဲ
မျက်ခြေမပျက်ရဲ
မြောင်းလေးကိုလဲ
သတိထား
ဘယ်အင်းမှာမှလဲ
ငါးမမျှားချင်ဘူး
မြို့ရေမြုတ်မှာစိုးလွန်းလို့
ခပ်ခွက်လေးတစ်လုံးနဲ့
မြို့ဝင်ဝကစောင့်နေတာ
ဆယ်နှစ်တောင်ကြာသွားပြီ...

ရေးသူ ကိုဟန်

Saturday, September 5, 2009

ကျနော့်ကိုအမြင်ကက်ရခြင်းအကြောင်းများ



ကျနော်..
ငယ်စဉ်အခါက
စာအုပ်ကြီးကြီးတွေဖတ်
လက်လှမ်းမမှီတာတွေတွေး
အမှန်တရားလေးတွေ
ဘေးမှာထားပီး
စတိုင်တွေထွား
ခုနစ်ရက်သားသမီးရဲ့
အမြင်ကက်ခြင်း ပစ်မှတ်
ရင်ဘတ်မှာ အကပ်ခံရဘူးတယ်...


ကျနော်
ငယ်ငယ်ကပေါ့
အများသောက်တဲ့မိုးခါးရေကို
ချိုစေလိုလို့ သကြားခပ်
မိုးခါးရေအရသာပျက်လို့
အရသာအစစ်ကိုမှ
သောက်နေကြ
ခုနစ်ရက်သားသမီးများက
အမြင်ကပ်ကြတယ်...

အခုတော့ဗျာ
စာအုပ်ကြီးကြီးလဲ မဖတ်ချင်
အမှန်တရားလေးတွေလဲ
သူဖာသူနေ
သိပ်မပတ်သက်စေနဲ့
မိုးခါးရေလဲ
မချိုစေချင်တော့ဘူး


အခုမှ
အဆင်ပြေသွားတော့တယ်
သူတို့တတွေနဲ့အတူ
အမှန်တရားကို
ခပ်ပါးပါး အမဲရောင်သုတ်
မှောက်ခုံထားပြီး
စားပွဲခုံလုပ်
သကြားမပါတဲ့
မိုးခါးရေ လေးနဲ့ ၀ိုင်းဖွဲ့လို့....



( ၀က်ဝံလေးအတွက်ရေးပါသည် )


ရေးသူ ကိုဟန်

Wednesday, September 2, 2009

ကျနော် ဒီ ဘလော့ဂ် တွေဘာလို့ကြိုက်သလဲ ?

ကျနော့်ကို သက်တန့်ချိုက တဂ် ထားပါတယ်ဆိုလို့ ဒီ ပို့စ်လေးရေးဖြစ်ပါတယ်. ကျနော်ကြိုက်တဲ့ စာမျက်နှာလေးတွေအကြောင်းပါ..၊ အကြောင်းအမျိုးမျိုးနဲ့ လွန်ခဲ့တဲ့ နှစ်အတန်ကြာကမလုပ်နိုင်တော့တဲ့ ဘလော့ လေးပြန်လုပ်ဖြစ်တဲ့ အခါ ကိုယ်ကြိုက်တဲ့ စာမျက်နှာလေးတွေကို ကိုယ့် နေရာမှာ လင့်ထားဖြစ်ပါတယ်..၊


မထမဦးဆုံး ရေးလိုတာက ( မိုးလှိုင်ည ) ရဲ့ စာမျက်နှာပါ..၊ သူ့ဆီကိုမကြာခဏကိုသွားဖတ်ဖြစ်ပါတယ်။ ရေးပုံဆန်းတယ်...။ သူ့ကဗျာလေးတွေကိုဖတ်ရတာ ပြန့်ကြဲနေတဲ့ ခရေပွင့်ကောက်ရသလို ရသ ကိုရပါတယ်.၊ အဲဒီရသကို ခရေပွင့်ကောက်ဘူးသူတိုင်း ခံစားဘူးလိမ့်မယ်လို့ထင်ပါတယ် ၊ ဆန့်ကျင်ဘက်တွေကိုကြိုက်တတ်တဲ့ ကျနော်သဘာဝအရလဲ သူ့ကဗျာရေးပုံ က ကျနော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ လေ့လာသင်ယူစရာလဲဖြစ် ငေးမောစရာလဲဖြစ် ဒါကြောင့်မို့အမြဲသွားဖတ်ဖြစ်ပါတယ် ..။

နံပတ်နှစ် က ကို ( အောင်သာငယ် ) ပါ သူ့ကဗျာတွေမှာ အားပါတယ်လို့ကျနော်ယူဆပါတယ်..၊ သူ့ဆီက စာ သို့မဟုတ်ကဗျာတစ်ခုခုကိုဖတ်လိုက်တိုင်းတွေးစရာလေးတစ်ခုပေးတတ်ပါတယ် ၊ တွေးရတာကြိုက်တဲ့ ကျနော်အတွက်နေရာကောင်းလေးတစ်ခုပါပဲ အဲဒါကြောင့်ပဲ အမြဲသွားဖတ်ဖြစ်ပါတယ်...။

သုံး က မ( ကီကီ ) ပါ ၊ ဇောက်ထိုးတွေရေးတတ်လို့ကြိုက်တာပါ ၊ ကျနော်ကိုယ်တိုင်ကလဲ ဇောက်ထိုးအတွေးများတော့ အကြိုက်ချင်းတူတဲ့သဘောပေါ့ ....၊

လေး က သက်တန့်ချို ပါ သူရေးခိုင်းလို့သူကိုကြိုက်တာမျိုးမဟုတ်ပါဘူး ၊ ကျနော်ခဏခဏသွားတတ်လို့ သူကလဲ ဘာဖြစ်လို့လာသလဲဆိုတာကိုသိချင်ပုံရပါတယ် ၊သူ့သက်တန့်က တက်ရတာ သက်တန့်ဆိုတဲ့အတိုင်း ခက်ပေမဲ့ သွားသွားကြည့်ဖြစ်ရချင်းအကြောင်းအရင်းက ၊ အဆင်အပြင်လေးက ကလေးဆန်ဆန် ပြီး ကြီးကြီးကျယ်ကျယ်လေးတွေရေးတတ်တာကြောင့်ပါ..၊ ပူးကလေးတွေကိုအစာကြွေးပါဦး ငါးလေးတွေလဲရှိတယ်စသဖြင့်တွေကြားမှာ အသုံးမ၀င်ချင်း ဆိုတဲ့ ကဗျာမျိုး ရှိနေတာ ကျနော် မြန်မာပြည်အထက်ပိုင်းကိုခရီးသွားခဲ့စဉ် က မြင်းချံမှာတွေ့ခဲ့ရတဲ့ ( ထမင်း နဲ့ ဘိလတ်မြေ ) ဆိုတဲ့ ထမင်းဆိုင် တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဖတ်ရသလို ထူးချားနေတာတိုင်းကိုစိတ်ဝင်စားတတ်တဲ့ ကျနော့်အတွက် အချိန်မှန်သွားရမယ့်နေရာတစ်ခုဖြစ်လာခဲ့ပါတယ် အဲဒါကြောင့်အသစ်တင်တိုင်းသွားဖြစ်ပါတယ်..၊

ငါး က ( ကဗျာတွေနဲ့ လေပြေ) ပါ ပုံမှန်အားဖြင့်တော့ ကဗျာရေးတတ်တဲ့ စာမျက်နှာတိုင်းကို ကျနော် သွားကြည့် ဖြစ်မြဲပါ ဒါပေမဲ့ သူမှာ ထူးချားတာက ငါ့အိမ်မက် ငါ့စိတ်ကူးနဲ့ ငါစာပေငါရေးမည် ဆိုတာက နဲနဲလေး အလေးသာသွားအောင်ကျနော့်ကိုဆွဲဆောင်လိုက်ပါတယ်....၊

အဲဒါက ကျနော်ကြိုက်တဲ့ ငါးခုပါ နောက်ကြိုက်တာတွေကိုတော့ ကျနော့်စာမျက်နှာပေါ်မှာ လင့်ထားတွေကြည့်ပီး သိနိုင်ပါတယ် ကျနော်ကြိုက်တဲ့ စာမျက်နှာတွေကိုပဲ ရွှေးလင့်ထားတာဖြစ်လို့ အဲဒါတွေက အမြဲ ဖတ်ဖြစ်တာတွေပါ ၊
လင့်မလုပ်ထားပေမယ့် အမြဲသွားဖြစ်တဲ့နေရာတွေလဲ အများကြီးပါ အကြောင်းကြောင်းတွေနဲ့ပေါ့.........။

ကိုသက်တန့်ချို ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ ( ကျနော်မြင်တာကိုလွတ်လွတ်လပ်လပ်ရေးထားတာဖြစ်လို့ အနှောက်အယှက် ဖြစ်တာမျိုးများပါခဲ့ ရင်ခွင့်လွတ်စေချင်ပါတယ် အားလုံးကိုတောင်းပန်တာပါ )

ကိုဟန်.....

Sunday, August 30, 2009

အခါသုံးဆယ်မြောက်နောက်လှည့်ကြည့်ချင်း



၁၉၈၀ မှာ ငါ
အခါလည်သား
ဘာကိုမှလဲ
မမှတ်သားမိ
၁၉၈၉ မှာ
ငါ ဆယ်ကာလယ်တော့
အဝေးတစ်နေရာက
အဖေကိုလည်းလွမ်းဘူးရဲ့
ပင်ပန်းကြီးစွာ
မာကျောလွန်းတဲ့အမေကိုလည်း
ဘ၀တစ်သက်မှာ
တစ်ခါမြင်ဘူးလိုက်ရဲ့
၁၉၉၉ မှာ
ငါ အခါနှစ်ဆယ်လည်သား
မြှောက်စားသူတွေရဲ့အောက်
မြေကြီးနဲ့ခြေထောက်
သုံးပေလောက် လွတ်
ငါ တစ်လုံးကို အခါခါ ရွတ်ပြီး
ဖြစ်ချင်တာတွေများဘူးတယ်
အဲဒီတုံးကပေါ့
ချစ်သူများတဲ့ ငါ
ယုံကြည်သူတွေ ဒုနဲ့ဒေး
ဘာဘေးကိုမှလဲ တွေးမထီ
တောင်လေသွေးကအစ
နိုင်းမရအောင် အေးလို့...
များမကြာမှီပဲ
မြှောက်စားသူတွေ
မြောင်းထဲကိုရောက်
မြှောက်စားခံလဲ
ခွက်ပျောက်
ဘေးမကြောက်တဲ့ ငါ
ခွက်ပျောက်လိုက်ရှာတာ
ဆယ်နှစ်တောင်ကြာတယ်..
နောက်ခုနစ်ရက်ဆို
အခါသုံးဆယ် လည်ပြီ
ငါ့ဆီမှာ
နှစ်ဆယ့်ရှစ်ခါလည်တုံးက
ကံတရားဆီကနေ
မွေးနေ့လက်ဆောင်ရတဲ့
အိမ်ထောင်တစ်ခုရှိတယ်
မွေးရပ်မဟုတ်တဲ့ မြေတွေမှာ
ခွက်စုတ်တစ်လုံးရှာတွေ့တယ်
များလှတဲ့ဖြစ်ချင်တာတွေထဲက
ဘာဖြစ်နေတာမသိသေးဘူး
ငယ်ငယ်တုံးကဖြစ်ချင်တာလေ
ငါ.....သမိုင်းဝင်သူ
ငါ.....နည်းပညာဥသျှောင်
ငါ.....ဦးဆောင်နိုင်သူ
ငါ.....စာရေးဆရာ
ငါ.....ငါ.....ငါ...
ဘာမှဖြစ်မလာတော့
ရှင်မရေ
ကိုယ့်ကိုချစ်ရင်ပြုံးပြပါ
မင့်ယောက်ကျား
အင်ဂျင်နီယာသေးသေးလေးတစ်ယောက်
စကြာဝဠာ လှည့်ရှာတာ
ခွက်စုတ်လေးတစ်လုံးရလာတယ်ကွယ်
နိုင်ငံကြီးတွေမှာလို
ဂစ်တာတီးပြီးသီချင်းဆို
လမ်းအကျိုအကြားတွေမှာ
ဝမ်းတစ်ခါးကိုကျောင်းကြမယ်
ဘာလိုသေးလဲအချစ်ရယ်ပေါ့.....
( ရှင်မ ဆိုတဲ့ အသုံးအနှုံးလေးက မောင်ခိုင်မာ (ဦးကြည်ခိုင်) အလွမ်းပြေပေါ့ဗျာ )
ရေးသူ ကိုဟန်

Thursday, August 27, 2009

အမှတ်တမဲ့ တောင်းမိတဲ့ ဆု


မဟာမြို့ကြီးမှာ

လမ်းမကြီးတစ်ခုကို ၀င်မိတော့

ဒီနေရာမှ ထိုနေရာအထိ

ဖြက်သန်းသွားလာခွင့် မရှိတဲ့လေ....

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

ပြေးကာဝင်သွားလေ ရဲ့

သတင်းစကားလေးများ

အမှာပါးမယ်လုပ်တော့

ရှုး ..တိုးတိုး....

ဒီနေရာမှာ

မပြောပါနဲ့တဲ့ လေ

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

ဟောင်နေလိုက်တာ ဆူညံလို့...

ထမင်းတစ်နပ်

ခက်ခက်ခဲခဲရှာပြီး

အိမ်ပြန်အလာ

ကျနော့်ရှေ့မှာ

ခွေးတစ်ကောင်

တောင်ပုံရာပုံ အမှိုက်ကြားက

စားစရာတွေ ကြွယ်ဝလို့

ဒီနေရာမှာမွေး

ဒီနေရာကိုချစ်

မပစ်ရက်နိုင်လေတော့

တောင်းဆုတစ်ခု

ပြုမိတယ်

ဒီနေရာကို

အမှီပြုလို့

နောင်ဘ၀မှာဆို

ခွေးဖြစ်ရပါလို၏..........

ရေးသူ ( ကိုဟန် )

Wednesday, August 26, 2009

အခုတစ်လော

အခုတစ်လော ဘလော့ဂါတွေတော်တော်များများ က ( အခုတစ်လော ) နေကြတယ်လေ ။ သူငယ်ချင်းတွေကလဲ အခုတစ်လောပါဦးဆိုလို့ ခတ်မှီသွားအောင် အခုတစ်လော လိုက်ပါတယ်


ဖြစ်ချင်နေတာက
အဲနေရာကိုပြန်ချင်တယ်ဗျာ


လုပ်နေတာတွေကတော့

အဲဒါတွေပျက်လို့ပြင်နေတယ်

သတိရနေတာကတော့

ထုံးစံအတိုင်း အဒါလေးကိုပါ

ကျနော်တော့ အဲသလောက်ပဲ " လော " တော့မယ်ဗျာ သိပ်လဲထူးထူးထွေထွေမရှိလို့ပါ မေးလ်ပို့ကြသည့်ရောင်းရင်ကြီးများ ကျေနပ်ပါနော်...



မြင်နေကြ ကုသိုလ်....






နှစ်ထောင့်ကိုးကုန်လို့
တစ်ဆယ်အကူးကျရင်တော့
ကုသိုလ်တွေတစ်ဝကြီး
ရလိုက်ချင်ရဲ့
ကိုယ်ပြုချင်တဲ့ ကုသိုလ်အစ
မန္တလေး နန်းစောင်းက
ကလေက၀ဖြစ်နေတဲ့
ခွေးတွေဖမ်းလို့
လှော်ကားပို့ပီး
ချင်္သေ့စာသွားကြွေးမယ်
နှစ်ဟောင်းကုန်လို့
နှစ်သစ်တစ်ရက်ကူးရင်တော့
ကိုယ်ပြုဘူးချင်တဲ့
ကုသိုလ်က
အလှောင်ခံနေရသူတွေ
လွတ်လပ်စေချင်လွန်းလို့
ဆူးလေဘုရားမှာ
ကျားတွေ သက်စေ့
ဘေးမဲ့လွှတ်ချင်တယ်
ရှေ့နှစ်ဆို အကောင်သုံးဆယ်ပေါ့

ရေးသူ ကိုဟန်






Tuesday, August 25, 2009

ကိုကျားကြီးရဲ့ဒုက္ခ


ဒီတောထဲမှာ ကျားဖြစ်နေရတာ အချားဘာပြသနာမှမရှိဘူးဗျာ..၊ တစ်ခုပဲ ကျူပ်လိုက်ထားတဲ့ အမဲ နောက်နေ့စာချန်ရတာစိတ်မဖြောင့်ဘူး ဘာလို့လဲသိလား..။ ပြောရမှာလဲရှက်စရာတော့ကောင်းတယ် .၊ ကျူပ်ကကျားလေ..။ ကျူပ်ကို စိတ်အနှောင့်အယှက်ပေးနေတာ ကြွက်ကလေးတွေဗျာ ၊ အုပ်စုတောင့်ရင်အသံဆူ သူများတကာဇွဲနဲ့ နဘဲနဲ့ လိုက်ခဲ့တဲ့ အမဲ ဒင်းတို့လေးတွေက နောက်နေ့စာတောင်ချန်မရအောင် အပြောင်နိပ်နိပ်သွားလိုက်တာ ရင်နာလို့ကိုမဆုံးနိုင်ဘူး ၊
ကျားကဖြစ်နေပြန်တော့ သေးသေးမွှားမွှား အကောင်ငယ်တွေလဲ အကူအညီမတောင်းရဲ ၊ ရှိတဲ့ အခက်အခဲ ဒီတိုင်းရင်ဆိုင်ရတာလဲ အောင့်သီးအောင့်သက် ၊ ကဲ သိက္ခာအနည်းငယ် ကျလိုကလဲ ကျစေတော့ ၊ အကောင်သေးပေမယ့် အမဲလိုက်ဖော်တော့ဖြစ်တဲ့ မြေခွေးကိုဘဲပြောကြည့်ရမှာဘဲ မြေခွေးရယ် ငါဂူထဲမှာကြွက်တွေသောင်းကျန်းလိုက်တာ တစ်ခါတစ်ခါ ငါစားစရာတောင် မကျန်ဘူးကွာ ၊ ဒီအကောင်တွေကို ဘယ်လိုနိပ်ကွတ်ရမယ်ဆိုတာ မင်းမှာများ နည်းလမ်းရှိရင် ငါ့ကိုပြောပြစမ်းပါကွာ ၊ မြေခွေးသူပေးတဲ့ အကြံကလဲ အဆိုးကြီးတော့မဟုတ်လှဘူး ကြွက်ကိုနိုင်တာကြောင်ပါတဲ့ ၊ ဒါပေမဲ့ဗျာ စဉ်းစားကြည့်စမ်းဘာ ၊ ကျားတစ်ကောင်လုံးဖြစ်ရက်နဲ့ ကြောင်ကိုအကူအညီတောင်းရမှာ ဘယ်မှာမျက်နှာဘန်းလှပါ့မလဲ နော် ၊ နေပါစေတော့ဗျာ အမဲလိုက်ရင် ကြွက်စာပါကျန်အောင် ပိုရှာလိုက်ပါတော့မယ် ၊ နားညီးရင်လဲ ကြီတ်မှိတ်အိပ်ရမှာဘဲ ကျူပ်က ကျားကိုဗျ နော်......


ဖတ်ခဲ့ဘူးသောတရုတ်ပုံပြင်တစ်ပုဒ်ကိုပြန်ရေးပါသည် ၊

ရေးသူ ( ကိုဟန် )

Monday, August 24, 2009

အဖေနှင့်ဆေးလိပ်တိုများ...။

ဒီကဗျာကိုရေးတဲ့သူ နောင်မင်း(ထီမန်)ဆိုတာ... ကျနော့် အကိုတစ်ဝမ်းကွဲ စိတ်လဲတူသူ . ကိုယ့်မှာတစ်ရာရှိ သူများစာအတွက် ကိုးဆယ်ဖယ်ရင်း လုံးချာလည်တာချင်းလဲတူ....။အလုပ်ကြီး နှစ်ခုလုပ် တစ်ခုခွဲက အရှုံးပေါ်တာချင်းလဲတူ...၊ မွန်းကျပ်တဲ့ မြို့ပြကထွက် လပ်ဆပ်နေသေးတဲ့ ထီမန်တို့ရဲ့ ရွာကလေးမှာ ကိုယ်တိုင်ချက်တဲ့ အရက်ကိုသောက် မှုးပြီး မှောက်ခဲ့တာချင်းလဲတူ...။ ကြွေယူပြုံးပြုံးတောင်းရင်မုန်းဆိုလို့ ကိုယ်ပေးပြီးသားအကြွေး စာရွက်နဲ့တောင်ရေးမတောင်းဘဲ ချစ်စရာကောင်းတဲ့ကြွေးတောင်းသူဖြစ်အောင် မူရာမာရာများရတာချင်းလဲ တူ..... ဘိုချစ်ရေ တူတူလျှောက်တဲ့တောကြီးတန်းက ဗွက်ထတဲ့လမ်းကို လွမ်းသဗျာ.........သူပို့လာတဲ့ မေးလ်ပေါ်က စာလေးပါ ဖော်ပြလိုက်တယ်နော်

by 90s decay.....my family face with the crisis.....and.. i shared my parent's pressure...i think ...this poem..(father and the shot cheroots)....change my style....(instead of nursery style)....i can't type PC keyboard layout....just type MAC layout..so i change pdf format....be happy..man





အဖေနှင့်ဆေးလိပ်တိုများ...။


မကြာသေးဘူးလို့ ဆိုချင်ဆို

ဟို အနှစ် လေးဆယ်လောက်တုန်းက

မနက် မနက် ရောက်တိုင်း

(ကျွန်တော်တို့) အမေတစ်ယောက်

အဖေ ညက သောက်ခဲ့တဲ့ ဆေးလိပ်တိုတွေ

ရှင်းရလင်းရ နဲ့

ဒါ နိစ္စဒူဝ

ငြူစူလို့ မရတဲ့ တာဝန်လေ


တော်တော်ဆိုးတဲ့ အဖေဗျ

ည ည ဆို

(ဆေးခါးကြီးသောက်ရသလို)

ကျွန်တော်တို့စာကျတ်ချိန်တွေမှာဆို

သူက

အလကားရတဲ့ ကောင်းကင်ကြီးအောက်မှာ

အလကားရတဲ့ လေကိုရှုပြီး

အလကားရတဲ့ အိမ်ကလေးရဲ့ဝရန်တာမှာ

အဖန်ရည် တစ်အိုးနဲ့

ရွှေပြည်စိုးနဲ့

ငြိမ့်နေလိုက်တာ

အချိန်တန် လစာထုပ်

အလုပ်လည်း မရှုတ်လှပါဘူး

သန်းကောင်ကျော် တစ်ချက်ထိုးလို့

ကျွန်တော် တစ်ရေးနိုးချိန်ရောက်လဲ

အဖေတစ်ယောက်ကတော့ ဖြင့်

ဆေးလိပ်တွေ သောက်လို့ကောင်းတုန်း


မနက် မနက်ဆို

ဆေးလိပ်တို ပစ်တမ်းကစားတော့

(ကျွန်တော့်အဖေရဲ့ ဆေးလိပ်တိုတွေနဲ့)

အားလုံးပျော်ခဲ့ကြရတာပေါ့


အခုတော့

သီဟရဲ့ ကျောင်းလခ

ဇင်မာရဲ့ အပြင်အဆင်

ဟန်သာရဲ့ ကျမ်းမာရေးနဲ့

အိမ်သူရဲ့ ငြူစူသံကြားမှာ

ကျွန်တော်ဆေးလိပ်သောက်တတ်လာပါပြီ


ည ည ဆို

(ဟန်သာပြောတဲ့)

စာကလေးအိမ်လေးရဲ့ရှေ့ ၀ရန်တာမှာ

အဖန်ရည်တစ်အိုး နဲ့

ရွှေပြည်စိုးနဲ့

သန်းကောင်ကျော်တစ်ချက်ထိုး

(ဟိုကောင်တွေတစ်ရေးနိုးမနိုးတော့မသိ)

မီးခိုးငွေ့တွေကြားမှာ

အဖေ့သားတစ်ယောက်

ဆေးလိပ်သောက်နေပါတယ် အဖေ........။



နောင်မင်း (ထီမန်)

အပူသည်ဆုတောင်း

လမိုက်သော ညတစ်ည
တစ်လောကလုံးအမှောင်ကျ
ဟိုနောက်နားမှာ
လူသံတွေ လူသံတွေ
လမ်းပျောက်သူတွေရဲ့ အသံတွေ
ပျောက်တဲ့လမ်းစ
ပြချင်လွန်းလို့
ဆီမီးခွက်ဆွဲ
လမ်းထဲထွက်တော့
မလောက်ငှတဲ့ အလင်းရောင်
မမျှတတဲ့ ကံကျမာ
နဲ့ဘာမှန်းမသိတာကို ခလုပ်တိုက်..
ကိုယ့်ကိုယ်ကို မီးမြိုက်သလိုဖြစ်ပေါ့
ဖြစ်ချင်တာ ဖြစ်စမ်းဘာစေ
လောလောဆယ်တစ်ခဏတော့
ငါ့ကိုမီးလောင်
အလင်းရောင်နဲ့...
လမ်းပျောက်သူများ မြင်ရစေ......
အလင်းရောင်အတွက်
မီးကူးလိုသူ
ငါ့ကိုယ်ပေါ်မှ ကူးယူစေ......
ကိုဟန်..

အသယ်သားများ

ရိုင်းတယ်ထင်ရင် ခွင့်လွတ်ပါ တစ်ခါတစ်ခါ တကယ်ကို အဲသလို ကိုယ့်ကိုကိုယ် ခံစားရတာပါ...။ အမိမြေကို စွန့်ခွာ ငွေရှာရတဲ့ သူတိုင်းကျနော့်လိုပဲ ခံစားဘူးမယ်ထင်ပါတယ်..။

မုန့်သယ်က မုန့်ရောင်း...
ငါးသယ်က ငါးရောင်း...
မှန်သယ်က မှန်ရောင်း...
ဖာသယ်က ဘာရောင်းပါသလဲ ဟင်....
ငါငယ်ငယ်က မေးခွန်းပေါ့..
မှီးကောင်ပေါက်ဖြစ်ကာမှ
မေးခွန်းကအဖြေရတယ်..
ဘာမှကိုရောင်းစရာမရှိပါလို့
ကိုယ်ခန္တာကို ရောင်းရတာ
ဖာသယ်ပါတဲ့.....
အသက်နဲနဲကြီးလာတော့...
မွေးရပ်မဟုတ်တဲ့မြေမှာ..
ငါအပါအ၀င်..
အမျိုးတူသူတွေ..
ပေါင်းစုပြီး ဖာသယ်ဖြစ်ကြ..
တရားခံ
ကိုရွှေပိုက်ဆံက
စက္ကူစုတ်ဖြစ်ကောင်းတုံး....
ဖြစ်နေတုံးတော့
ခံဦးပေါ့
အမျိုးတူသူအားလုံးကို
ပြောချင်တာလေးက
ဖာသယ်တွေမှာလဲ
ရှင်ဘုရင်ဖြစ်ဘို့ အခွင့်အရေး
ရှိနေသေးတာ
မေ့မသွားကြဘို့ပါ.....။
ကိုဟန်........

ခတ်သစ်ကျောင်းဆောင်

ကျိုးပျက်သွားတဲ့ ခုံတွေကိုကြည့်ပီး သတိရတယ်..။ မမြည်တော့တဲ့ခေါင်းလောင်းကိုသတိရတယ်...။ တိုက်ပုံမပါတော့တဲ့ ဆရာကိုသတိရတယ်...။အားလုံး...အားလုံး.....အားလုံး......




ပညာဝန်ကြီး ဦးဘိုးကျား

ရေးသားဘူးတာက

တစ်တိုင်ဆီမီး

ထွန်းညှိပီးက

ဆီမီးထောင်ရာ

ပွားများပါ တဲ့...။

လူကြီးစကား

မှတ်သားထားပီး

တစ်တိုင်ဆီမီးထွန်းညှိတယ်

တစ်တိုင်ဆီမီး

လဲကျပီးနောက်

ကျောင်းကြီးမီးလောင်

ကွင်းခေါင်ခေါင်

ဒီကနေ့မှာတွေ့ရတယ်...။

ခလုပ်တိုက်သူ ဘယ်သူလဲ..???????


ကိုဟန်

အတ္တုပတိ အစိုကိုခွဲစိတ်ချင်း....

ကျနော့် ဖေဖေရေးခဲ့ တဲ့ ကဗျာပါ...။ 1991/92 လောက်က အလင်းထောင့် စာပေဂျာနယ်မှာဖော်ပြခဲ့ဘူးပါတယ်..။ အဲဒိတုံးက ကျနော် ကခလေးပေါ့..၊ သေသေချာချာသဘောမပေါက်ပါဘူး..။ နဲနဲကြီးလာမှပဲ ကိုယ့်အဖေရဲ့ ဘ၀ ကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ ကဗျာတစ်ပုဒ်လို့ခံစားမိလာတာပါ..။သူနဲ့ကျနော်ကြားမှာ သဘောထားမတူတာတွေအများကြီးပါ..။ အထူးသဖြင့်ငယ်ငယ်ကပေါ့..။တန်ဘိုးရှာတတ်တဲ့ အရွယ်ရောက်မှ သူ့ရဲ့ တန်ဘိုးကိုကျနော်ရှာတွေ့ပါတယ်..။ သြော်သူ့ဆီမှာ ကျနော်ဖြစ်ချင်နေတာတွေအများကြီးပါလား.....။ ကျနော်မလုပ်နိုင်သေးတဲ့ သူ့ဆီက ကျနော်ဖြစ်ချင်တဲ့ အပိုင်းအစတစ်ခုပါ... မျှဝေလိုက်ပါတယ်......
(တစ်)
အူဝဲ.....
လူထဲရောက်လာ
ငါ လူဖြစ်လေပြီ..
လက်သီးများကျစ်ကျစ်ဆုတ်
ဦးထုပ်မပါ ၊ ဖိနတ်မပါ ၊
င်္အကျီမပါ ၊ ပုဆိုးမပါ
ဂန်ဖလားကိုခြေနဲ့ ကျောက်
နနွမ်းခွက်ကိုမှောက်
ဖာပုံးထဲရောက်....
နောက်ကြတတ်တဲ့ ကဆုန်မိုး
ဖြိုးဖြိုးဖျောက်ဖျောက်ကျ
ညတစ်ည..၊

(နှစ်)
အိပ်ယာနားမှာ
မီးခံတေတ္တာတံခါး
ပွင့်သွားလဲ..၀ုန်း
ပိတ်သွားလဲ ...၀ုန်း
တစ်ဒုံးဒုံးဆူည
ံနားမခံသာ
ငါ.....အောင်ပွဲကြီးစ
အမေကချော့
အဖေကချော့
တော်တော့်ကိုဆူတဲ့ကောင်ကွာ.။

(သုံး)
ဖောင်း..ဒိုင်း..ဖြောင်း..ရွှီ...
ကျည်နှင်းများတစ်ဖွဲဖွဲ
ချောင်းထဲက ခရာခြုံများ
လှုပ်ရှား....
မီးပွား ၊ မီးပွင့် ၊ မီးတောက်..၊
ဖောက်ခနဲ ဖောက်ခနဲ
ကွင်းထဲကခြေထောက်များ
ပြေးလွှားနိုင်ချင်းမရှိ
ကျော်၏ ၊ ခွ၏ ၊ လဲ၏ ၊ ပြို၏....
ကြည့်လိုက်တိုင်း ဒေါင်လိုက်လူမရှိ
မသိ
သူ့လဲငါမသိ ၊ ငါ့လဲသူမသိ
မပီတစ်ပီ တစ်စပြင်များ
ပြေးရင်လွှားရင်း
လူတွင်းကြီးထဲမှာ
ငါ ခလေးတစ်ယောက်ရဲ့ကြီးထွားမှု့..

(လေး)
နင်းလိုက်တိုင်း ဂလောင်းဂလောင်း
ကြမ်းတစ်ချောင်းမှသံမရိုက်
မိုက်ကမ်းသော ဓနိပေါက်များ
မိုးတောက်တောက်ယို
ဘုရားစူး ခိုစရာဖြစ်ရဲ့
ရှေ့တည့်တည့်မှာ
မရမ်းဝါယင်ကောင်နား
နှမ်းပစ်များသဲရှပ်ရှပ်
ကျေနပ်စဖွယ်ဈေးတန်းနဲ့
ပြည့်လျှမ်းကျက်သရေ
ရွှေမူလတန်းကျောင်းမှာ
ငါ စကောလားရှစ် ဘွဲ့ရ၏.....

(ငါး)
ကက်တီးကက်ဖဲ့
ရွဲ့တိရွဲ့စောင်း
ကောင်းမိကောင်းရဲ့ မြည်ဟဲ့ဒေါင်ဒေါင်
ကြောင်တောင်တောင်ဝေလေလေ
ဒုံးပေကက်သက
်ဖြက်လာခဲ့ပီးနောက်
ကျောက်တံလဲကျိုးခဲ့ဘူး
နဖူးလဲကွဲခဲ့ဘူး
ကွန်ပါဘူလဲပျောက်ခဲ့ဘူး
ကွင့်မှင်လဲ ပျောက်ခဲ့ဘူး
အရူးတံဆိပ်လဲကက်ရဘူး
အထူးစပယ်ရှယ် ရာဘာတံဆိတ်နှိပ်
ဟိတ် ခံဘွယ်လက်မှတ်တစ်ခု
ငါစုမိ ပြီ........

(ခြောက် (က) )သွေးနထင်ရောက်
ခြေဖျားထောက်
ကြောက်စရာမမွေးသေး
သွေးဆူပွက်ထ
လက်ခမောင်းခတ်
နပမ်းသတ် ဘို့
ဘ၀ထဲမဲခနဲ တိုးဝင်...

(ခြောက် (ခ) )
ဗျိုက်တောထဲမှာ
ကိုယ့်ဖာသာတော့ ကိုးတောင်ကျား
ရိုးမပေါ်ရောက်လေမှ
ငကောက် သေချာသိပါပေါ့
လူမိလျှင်ရယ်ဘို့ကောင်းလေရဲ့
မျောက်ခေါင်းကို အဖေခေါ်လို့
ကျားသံမပေါ် မီညောင် ဟစ်တယ်လေ့
အဖြစ်ကယ်တော်တော်ဆိုးလေတဲ့
ဖိုးကောက်ကြောင်ပါး....။

(ခုနှစ်)
ပတမြားရည်
စီညည်းအဟုန်
ိနီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး
အသားပေါ်မှာ ထင်းထင်းထင်
ရင်ထဲမှာ ဘိက်ဘိက်သား ညိုဆဲ
မှောင်ကြီးမဲကြီး
မရဲ တရဲ တစ်ယောက်ထဲပင်
ဘာလဲ မမြင်စမ်းသတ်ဝင်ခဲ့
မြေပြင်သိတ်သဲ မောပန်းလှဲချ
ကြဲကြဲမှောင်ပိတ် စိမ်းမြရိပ်ဋ်
အိပ်မယ်ကြံမှာ
ဘာညာဘာညာ
တာရာစာအုပ်တစ်အုပ်
ငါ့ကိုချူပ်ပီး
ကဗျာလူ ဖြစ်လေတော့သတည်း...။

(ရှစ်)
တာရာများ တဖြတ်ဖြတ်လွန့်
တိမ်ညွန့်စား လင်းယုန်များပျံ
ပြည်သူ့ဂျာနယ်ထံ အရောက်
မြိတ်အနောက်နားဆီက ငိုသံတွေကြား
မင်းလှနားမှာကားဘီးပေါက်..
ကျွန်းထိုးမှောက်ခုံ
အလံစုံတဲ့ကာလ
ပြာတာကပြာ ၊ နီတာကနီ.
ဝါတာက၀ါ...ရှာမရတဲ့
ဘဲဥအစ
စာအုပ်စဉ်ပေါ်ကလှမ်းအကြည့်
ဘယ်ညှိပြီး လက်သီးဆုတ်ကြားမှာ
ငါကိုးလိုးကန့်လန့်

(ကိုး)
ငိုက်ခနဲမှုး စူးကနဲကျင်
ထင်ကနဲတောက
်ဖောက်ခနဲကွဲ
စည်ပိုင်းထဲကရေ
နွေလယ်ခေါင်ရောက်သလို
ဟိုဒီ အလည်အပတ်တောင်ပံခတ် ၊ နဂါးဝါ
ငါ.....စာဝေးပေဝေး...
ကျမ်းလေးလေးကြီးတွေဖတ်
စမတ်တွေထွား.
ငါလူလားမြောက်....

(တစ်ဆယ်(က))
နီရဲနေနေတဲ့နေလုံးကိုထက်ချမ်းခွဲ
ဂလူးကိုးပုလင်းထဲမှာစိမ်
ဝက်သေးအိမ်ထဲက ချက်ကြီးနဲ့ရော
အဟောသုခံဝတ
ချမ်းသာစွလို့သာဆိုရင်
ထန်းသုံးပင်ပေါ်က မျောက်ငမှုးဟာ
မီလျှံနာဖြစ်ရော့မယ်
တကျွတ်ကျွတ်ဝါး
တစ်ဖွားဖွားဖဲ့
စာအုပ်ကိုဝါးစားတိုင်းသာ
ပါရကူမြောက်မယ်ဆိုရင်
နှုတ်ခမ်းမွှေးစစနဲ့ ပိုးဟတ်ဟာ
ဒေါက်တာဖြစ်ရော့မယ် ။

(တစ်ဆယ်(ခ))
မသိခင်က
စဉ်းစားရတာ
ချာလည်ချာလည်
သိလာတဲ့အခါ
စဉ်းစားမှာပဲ
ငါဘာကောင်လဲ သူဘာလဲ
တွေ့သမျှဟာ
ရုပ်သာဖွဲ့စည်း၊
သိပြီးသကာလ
ရူပဗေဒ မွေးဖွား၏
အီလက်ထရွန်
ပရိုတွန
်ညူတရွန်
အက်တမ်တည်ဆောက်
ကမ္ဘာအောက်မှာ
ငါ ဆိုသည်ကား အသေးစားအမှုန
်မြစ်ကိုအလျားလိုက်ကူး
ရေဘူးကိုအပ်ပေါက်ဖောက်
ကျားပေါက်ကိုလက်ပေးသင
်ဖားအရှင်ကို ဂတုံးချော
ရှားဇောင်းတောမှာ သပြေစိုက
်မိုက်မဲ သတ္တိရှိစွာ
မျဉ်းဝါပေါ်စက်ဘီးစီး..။
ချွေးဒီးဒီး ကျ
ညထ ၊ နေ့အိပ်
စိတ်ဆိုတဲ့ အပိုင်းအစများ
ငါ့ အားခွဲထုပ်သွားကြ
သတင်းစာပေါင်း ၃၆၅ စောင်ကို
ဈေးတောင်ဘက် ဘော်တယ်ဆိုင်မှာ
၁၅ ခါလောက်ရောင်းပြီးနောက
်ငါးသလောက်ပုတ်ကိုကျော
်မှိုစော်နံတဲ့ ပဲပြုတ်
မည်းကျူတ်နေတဲ့ ထမင်းအတူးကိုစား
ဟားရတယ် ၊ ဟာဒရ ရတယ်
ရွှေဝယ်မလား..
မြေ၀ယ်မလား..
ကားဝယ်မလား...
တိုက်ဆောက်မလား..
စုဘူးများပေါက်ကွဲ
ရတနာခဲလေးကောင်
လူ့ဘောင်ထဲခေါ်လာ
ငါ...........
ဧရာမ သတ္တိခဲလေ

(မြင့်ဦးသစ်)

သူခေါ်လာတဲထဲက ကျနော်က သုံးကောင်မြောက်ပါ ရတနာခဲလား မီးသွေးခဲ လားတော့မသိ.........:p

ကျနော်ချစ်သော မိန်းမများ (တစ်)

နွေသည်ပူပြင်းသည်ဟုဆိုလျှင်ရယ်ကြပေးဦးမည်..။သို့သောထိုနေ့ကအမှန်တစ်ကယ်ပင်ပူပြင်းပါသည်..၊ အချိန်အားဖြင့် မာရစ်ဇ ၏ ဆံပင်ရှေရှေ အရပ်မြင့်မြင့်သီချင်းခတ်စားနေချိန်..၊ ကျနော် ဇာက်လိုက်ကျော် ဆယ်ကျော်သက်ရွယ် ၊ မိန်းမတို့ ၏ ရှိက်ဖိုကြီးငယ်အသွယ်သွယ်တို့ကို ရိုးသားစွာရင်ခုန်တတ်စ ၊ ( ယခုကဲ့သို အလွန်တရာမှ ယဉ်ကျေးလှသော အနောက်တိုင်းသားတို့၏ ဖိုမဆိုင်ရာနည်းမညာများကို မလေ့လာရသေးခင်) ဆင်စွယ်ရောင်ဖောရိန်းရှပ် လှလှလေးဖြင့်သူမအားကျနော်စတွေ့ဘူးခဲ့ပါသည် ၊ သူမ၏ ဆင်မယဉ်သာလမ်းလျှောက်သွားပုံသည် သူမ၏ ခြေအစုံတို့တွင် ကျနော့် နှလုံးသည်းအိမ်တို့ ၇စ်ပတ်ပါသွားသရောင်…။ (ယခုအချိန်တွင် ဆင်မတစ်ကောင် လမ်းလျှောက်ပုံကိုနောက်မှ မြင်ဘူးသော်လည်း ဆိုရိုးစကား ရှိခဲ့သည်မို့ ပြင်ရန်နောက်ကြပေပြီ အတော်ပင်ကြည့်ရဆိုးပါသည်) သောက်လက်စ လက်ဘက်ရေခွက်ကိုပင် မချပဲ ဆက်တိုက်ငေးကြည့်နေမိသည်အထိ….၊ ခွက်ပြန်ချလိုက်ပါကပေးလိုက်ရမည့် စားပွဲခုံကို လှမ်းကြည့်လိုက်ရမည့် အချိန်ကိုပင် နှမျောနေမိသည် ..၊သူမ အမှန်တစ်ကယ်ပင်လှပါသည်..၊သူမ ၏နောက်ကျော ကိုပျောက်သွားသည်အထိငေးကြည့်ရင်း လှပသောသူမ၏ မျက်နှာသည် ကျနော်၏ လက်ဘက်ရေခွက်ထဲတွင် ၄င်း စားပွဲခုံပေါ်တွင် ၄င်း ကျနော်တတ်ထားသည် မျက်မှန်၏ မှန်များတွင် ၄င်း ထင်ဟပ်ပေါ်လွင်လျှက်….၊ပျောက်ကွယ်သွားပြီး တော်တော် အကြာမှ စားပွဲခုံပေါ်သို့ လက်ဖက်ရေခွက်ကို ပြန်အချ..တိုးညှင်းသော ဆိုင်းထီးဆိုင် ၏တေးသွားက ကျနော့် ကိုနွေးထွေးစွာ လာရောက်ပွေ့ဖက်သည်….. (အမှောင်တစ်ညမှာ….မြင်ရခဲတဲ့ မောင့်….လပြည့်ဝန်း) ဟုတ်ပါသည် အမှန်ပင်မြင်ရခဲ့လှသော ဟိုဖက်ကုန်းလေးတစ်ဘက်တွင်ပြောက်ကွယ်သွားသော မောင့် လပြည့်ဝန်း ထိုအချိန်မှစ သူမကို ကျနော် တစ်ဘက်သက် ကင်ပွန်းတတ်ခဲ့သည် ကျနော့် ရဲ့ လပြည်ဝန်း……၊

ဆယ်ကျော်သက်တို့ ၏ရင်ခုန်ခံစားချက်မှ ပင်လယ်ထဲရေငတ်သည်နှင့်အလားတူလှသည်….မျက်စေ့ရှေ့အောက်ထိုလောက်များပြားလှသော မိန်းခလေး အများအနက်မှ လပြည့်ဝန်းကိုသာ ထပ်ခါထပ်ခါမြင်ချင်နေမိသည်..၊ မြင်ပြန်တော့ လဲဘာမှမဟုတ် ကြည့်ရရုံသာ ၊ မည်သို့ပင်ဖြစ်ပါစေ ကျနော်ထိုခဏကို ချိုမြိန်လှသည်ကတော့ အမှန်၊ နေ့တိုင်းလို လို လပြည့်ဝန်းလာတတ်ရာ လမ်းဘက် မျက်နှာမူပြီး လက်ဘက်ရေတစ်ခွက်နဲ့ ထိုင်စောင့်တတ်လာသည်..၊ တစ်ခါတစ်ရံ ဆိုင်ရှင်ညိုငြင်သည်အထိပင်.သူမလာပြီဆိုတော့ လဲ (သတိ ပေတရာအကွာတွင် အချစ်ရှိသည် ) ဟုဆိုရလောက်အောင်ပင် နောက်ခပ်ခွာခွာက တစ်ကောက်ကောက်လိုက် ၊ကိုယ့်ကို ထိုအချိန်က ဘာစိတ်ကူးနှင့်ဘာလိုက်လုပ်မှန်းကိုမူ ယခုအထိမသိသေးပါ..၊ထိုသို့ပင် နာမယ်လဲမသိမိတ်လဲမဆက်ဖြစ်ပြုံးလဲမပြဖြစ်နောက်ကတစ်ကောက်ကောက်လိုက်ရင်းကိုယ့်
ဖာသာ အိပ်မက်ထဲမှာ လမင်းတစ်ရာသာနေလိုက်တာ တစ်လခန့်ကြာခဲ့မည်ထင်၏.၊

ခလုပ်တိုက်ပါများ သည့် ငုတ်မှတ်မိလာသလိုပင် ကြာလာတော့ သူမကျနော့်အား မှတ်မိလာပုံရသည် ၊တစ်ရက်သော တနင်ဂနွေ တွင်သူမကျနော့် အားပြုံးပြခဲ့သည် ၊ငေးကြည့်နေသော ကျနော့်ကို စေ့စေ့ ကြည့်ပြီး ပြုံးပြလိုက်သောသူမကိုကျနော်တော်တော်အံ့အားသင့်သွားခဲ့သည် ၊နောက်သို့ပင်ရုတ်တရက်လှည့်ကြည့်မိသေးသည်၊ကျနော်မဟုတ်ပါပဲ တစ်ယောက်ယောက်ကိုများ ပြုံးပြနေချင်းလော….၊ မဟုတ်ပါ ကျနော်မှ ကျနော် ကျနော့်အားပင်တည့်တည့်ပြုံးပြနေချင်းဖြစ်ပါသည်..၊စကန့်မဆိုင်း ကျနော် ကဗျာကရာပင် ပြန်ပြုံးပြလိုက်သည်..။ အလောတစ်ကြီး ပြုံးပြမိခြင်းကြောင့် ပါးစပ်မှာတတ်ရက်သားရှိနေသော ဆေးလိပ်တိုကိုပင်မထုပ်မိ…။ ဆေးလိပ်တိုက ပုဆိုးပေါ်သို့တစ်ရှိန်ထိုးကျ..၊ ပုဆိုးအားတစ်ငွေ့ငွေ့ မီးလှောင်သည့်အထိပင်ကျနော်မသိနိုင်သေး ၊ သူမ၏ လှပသောအပြုံးမှ တစ်စကန့်ပင်မဖယ်ခွာလိုပြီ..၊ပုဆိုးပေါက်ပြီး ပေါင်အားမီးဖြင့် ထိုးမိကာအတော်ပူလာမှပင် ထခုံမိသည်..၊ရှေသော ကျနော့်၏ဒူးခေါင်းက စားပွဲခုံကိုတိုက်မိ ၊ရေနွေးအိုးကမှောက် လက်ဘက်ရေခွက်ကမြောင်းထဲရောက်.. ရေနွေးအိုးထဲမှ ရေနွေးပူပူများ ပုဆိုးပေါ်သို့ကျ ရွဲစို..။ကျနော်နှင့် စားပွဲခုံ တစ်ဝိုက်သည်(ဘက်ကဒက်တွင်ဗုံးကြဲပြီးနောက်) ဆိုသောသတင်းဓာက်ပုံထဲကလိုပင် တစ်ခဏအတွင်း ကဗျောင်းကဗျင်..၊
အားလုံးပြီးဆုံးကာမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ လား..လား ဆေးလိပ်မီးနှင့်ထိုးမိထားသောပေါင်မှ ပူလောင်နေသည်.၊ ပုဆိုးအောက်ပိုင်းတစ်ခုလုံးသည် ရေနွေးများဖြင့် ရွဲစိုနေသည်..။ရင်ထဲတွင်ကတော့ လမင်းတစ်ရာသာဆဲ..၊အပြင်မှာ ဖြစ်ချင်တာတွေ ဖြစ်စမ်းဘာစေ..။ မီးထိပြီးပေါက်သွားသော ပုဆိုးမှ အပေါက်သည် (အချစ်ပေါက်) ပုဆိုးအောက်ပိုင်းတွင် စိုရွဲနေသော ရေနွေးတိုသည် (အချစ်ရေများ) တစ်ဖြင်းဖြင်းဖြင့် ပူလောင်လျှက်ရှိသော ပေါင်မှ မီးလှောင်ဖုသည် (အချစ်ဖု ) အားလုံးသည် အချစ်တို့ဖြင့် ပြည့်သိတ် ထုံမွန်းစွာ……၊ဆိုင်ရှင်အနားရောက်မလာခင်အထိ..၊ဆိုင်ရှင်အနားရောက်ပီး ကွဲသွားသောခွက်ဖိုးကို အလျှော်တောင်းမှပင် ကျနော် ချစ်ခြင်းအိမ်မက်မှနိုးသည်..။ ထိုစဉ်က ခွက်တစ်လုံးစာ လေးဆယ့်ငါးကျပ်ပေးလျှော်ခဲ့ရသည်.၊ ချစ်ခြင်း၏ အပြုံး တစ်ခဏသည် လေးဆယ့်ငါးကျပ်တန်ပါသည်..၊ ပေးစရာရှိသောပိုက်ဆံကိုပေး ဆိုင်ရှင်အားကျေနပ်အောင်တောင်းပန်ပြီး ကျနော်အိမ်သို့ပြန်ခဲ့သည်..အချစ်ရေတို့ဖြင့် စိုရွဲနေသောပုဆိုးက လမ်းလျောက်ရန်အနှောက်အယှက်ပေးနေသည် ၊ ပုဆိုးမှ အချစ်ပေါက်ကိုလဲ လူမမြင်အောင်ဖုံးဖိထားရသည် ၊ ပေါင်မှ အချစ်ဖုကလဲ ပူစပ်ပူလောင်ရှိလှသည်၊ အဘယ်သို့်ပင်ဖြစ်နေပါစေ ကျနော့်ရင်ထဲတွင် ကြည်နူးရိတ်တို့ ပြန့်လွင့်လျှက်..၊ အချစ်ဘက်စ်ကားကြီး ကိုစီး ပြီး အချစ်အိမ်ကြီးသို့ ပြန်လိုက်ပါဦးမည်..၊
ဆက်ရေးပါမည်................ ကိုဟန်၊

Friday, July 24, 2009

အိမ်

ငါ့ အိမ် မှာ
အိမ်ခေါင်ထိပ်က
မိုးရိတ်မမြင်လိုက်နဲ့ ..
ခေါင် ရွဲ့ ဘို့ အဆင်သင့်
ငါရှိနေတဲ့ နေရာမှာတော့
မိုးရွာတာတောင်မသိလိုက်ဘူး
ဒါပေမဲ့လေ
ခေါင်ရွဲ့နေတဲ့ အိမ်မှာ
ငါ့ ညီအကိုမောင်နှမတွေနေနေကြတယ်...။
ငါ့ အိမ်မှာလေပြင်းမကျနဲ့
အိမ်ရွဲ့သွားဘို့ အဆင်သင့်
ငါရှိနေတဲ့နေရာမှာလေ
ပြင်းကျသွားတာ
ဆံပင်တောင်မဖွာလိုက်ဘူး
ဒါပေမဲ့လေ
ရွဲ့သွားတဲ့အိမ်ထဲမှာငါညီအကိုမောင်နှမတွေနေနေကြတယ်..။
ငါ့အိမ်မှာ
ဒီနေ့ ညနေစာအတွက
်ဒီနေ့မနက်မှာရှာကောင်းတုံး
ငါရှိနေတဲ့နေရာမှာ
နောက်နှစ်ရက်စာပူစရာမလိုဘူး
ဒါပေမဲ့လေ
အဲဒီညနေစာကိုငါ့ညီအကိုမောင်နှမတွေမျော်နေကြတယ်..။
ငါ့အိမ်မှာ
ဒီနေ့ရှာတဲ့ အသပြာဟာ
နောက်နေ့မှာ
ငါးစိမ်းထုပ်တဲ့စက္ကူစုတ် ဖြစ်တယ်..
ငါရှိနေတဲ့နေရာမှာ
အသပြာဟာအသပြာအတိုင်းနေတယ်
ဒါပေမဲ့လေ
ငါ့ညီအကိုမောင်နှမတွေ
စက္ကူစုတ်ရဲ့တန်ဘိုးရှာနေကြရတယ်...။
ငါ့အိမ်က
ိုငါရှိနေတဲ့ နေရာအတိုင်းဖြစ်ချင်တယ်...
မတတ်နိုင်တဲ့အဆုံး
တရားမျှတမဲ့
ငါ့ရဲ့ ဆုံးဖြတ်ချက်က
ငါ့ အိမ်ကိုငါပြန်ခဲ့မယ် ပြန်ခဲ့မယ်...။
အနည်းဆုံးတော့
ငါရှိနေရင်
ဒုက္ခတွေကြားကငါ့
ညီအကိုမောင်နှမတွေပျော်နေကြလိမ့်မယ်....
အတူတဂွ ရင်ဆိုင်ကြရအောင်
ခေါင်ရွဲ့သွားရင်ဆွဲတည့်မယ်
အိမ်ရွဲ့သွားရင် ဆွဲထူမယ်
စက္ကူစုတ်ကို လက်ပူအောင်စုကြမယ်
ငါပြန်ခဲ့ မယ် ပြန်ခဲ့မယ်.....
ကိုဟန်

စိတ်လှေကားတစ်စင်း

အဲဒီလှေကားပေါ်ကပေါ့
ခဏခဏ ပြုတ်ကြ..
ငယ်ငယ်ထဲကစလိုက်တာခုထိပါပဲ...
ငယ်ငယ်ကတော့
ဆေးထိုးအပ်ကိုင်တဲ့
လက်တစ်စုံကခါးကနေဆွဲမ ပြီး
ခဏခဏ ဆွဲတင်တယ်
နဲနဲကြီးလာတော့
မြေဖြူကိုင်တဲ့လက်တစ်စုံက
ဂုတ်ကမပြီး
ခဏခဏ ဆွဲတင်တယ်
သိပ်မညင်သာလှပေမဲ့ငါ
ပြုတ်တော့ မကျသွားဘူးပေါ့
ကိုကိုယ်တိုင်လဲ
ကြီုးစားပြီး တက်ပါတယ်
ဒါပေမယ့်
ငယ်ငယ်ကနေရာကိုမရွှေ့သေးတာ....
အခုတော့လေ
လက်သေးသေးလေးတစ်စုံက
ငါ့ နှလုံးသဲညှာကနေ
ခြေကန်ပီးကိုဆွဲထားတာ..
ပထမမြောက် သူတွေလ
ိုအားအင်မလောက်ရှာလို့
အပေါ်မရောက်တာတောင်
ပြုတ်ကျမသွားအောင်ပေါ့
ခမျာလဲညောင်းရှာရော့မယ
်စိတ်ချပါကွယ်
မင်းလက်ညောင်းသွားလို့
လွှတ်ချခဲ့ရင်တောင်
လေးဘက်ထောက်ပြီးဘဲဖြစ်ဖြစ်
ရောက်အောင်တက်လာခဲ့ပါမယ်...
လောလောဆယ်တော့
အားခဲပြီးသာဆွဲထားပါ
ငါ အားအင်ပြည့်လာတဲ့ အထိ...
ကိုဟန်

လူငယ်ပုံပြင်

ဆယ်ကျော်သက်ရွယ်.
မောင်မယ်တွေက...
လူငယ်ကိစ္စမျှတကြပါတဲ့......
နှစ်ဆယ်ပတ်လည်
မောင်မယ်တွေက...
လူငယ်ဘဝ
နားလည်ကြပါတဲ့..
သုံးဆယ်ပတ်လည်..
မောင်မယ်တွေက
လူငယ်ကမှ အားမာန်ရှပြီး..
ဘ၀အင်အား စဉ်တိုးပွားသတဲ့လေ...
လေးဆယ်ပတ်လည်
မောင်မယ်တွေက
လူငယ်ဘ၀ ဒီမှာစပြီတဲ့....
ငါးဆယ်ပတ်လည်
မောင်မယ်တွေက
လူငယ်အရေး
များများတွေးလို့ဆိုပြန်တယ်
ကျူပ်မှာဗျာ
တစ်ယောက်တည်းတိုးတိုးလေးပဲ မေးမိတယ်...
လူကြီးမင်းများခင်ဗျာ
ဘယ်အခါတွင်လူကြီးဖြစ်ပါမည်နည်း... ဟု..
တိုးတိုးလေးလဲ ကြားတတ်တဲ့....
ရှစ်ဆယ်ပတ်လည်
မောင်မယ်တွေက
အိပ်ရာပေါ်က ကြုံးရုံးထပြီး ပြောကြတယ်..
ဒီလူငယ်တွေ ခက်သေးတယ်တဲ့.........
ကိုဟန်

အိမ်နောက်ဖေးက ဂျူလိုင်ပိတောက်များသို့

တစ်နှစ်မှာ တစ်လ..
တစ်လမှာ တစ်ရက်..
ပန်းမြတ် ပိတောက်ဆိုပြီး..
မြောက်စားထား တာ
ရာစုနှစ်ကြာမှ...ဒင်း က လေ ...
မိုးရွာတိုင်းပွင့်....
လေလွင့်တိုင်းမွှေး...
ပေးချင်တဲ့ပုံပေးပြီး..
မ..ရေးပြနေလိုက်တာ...
သတိရလို့ ကြည့်မိမှ..
ဌာနေနဲ့အတူ ပြည့်တံဆာ ပိတောက်..
ဗန်းမှောက်ချလိုက်တာအေးပါတယ်.
နောက်တစ်ခါ
လာမမေးနဲ့ပိတောက်အကြောင်းသူ..
ပြည့်တံဆာတန်းမှာ အိပ်နေတယ်...။
ကိုဟန်

ကိုတိုင်ရေးအတ္တုပတိ၏နိဂုန်း

ကျနော် သိပ်ချစ်တတ်သူပါ....
တချို့က ကျနော့် အချစ်ပေါ်မှာ
ခုန်ပေါက်ကစားသွားကြတယ်.....
ကျနော်သိပ် သနားတတ်သူပါ....
တချို့က စီးပွားဖြစ်စိုက်ပျိုးဖို့အတွက်..
ကျနော့် နှလုံးသွေးကိုခပ်ပီး....
အလကားကြေး လယ်ကွက်ပေါ်မှာ ..
လောင်းချသွားကြတယ်.....
ကျနော်သိပ် ကိုယ်ချင်းစာတတ်သူပါ....
တချို့က ကျနော့်ကိုယ်ချင်းစာတရားပေါ်မှာ
ဖျာခင်းပီး အိပ်သွားကျတယ်......
ကျနော်သိပ် ကြင်နာတတ်သူပါ.....
တချို့က ကျနော့် အကြင်နာတရားနဲ့...
ထမင်းချက်စားသွားကြတယ်.......
ကျနော်သိပ် မျော်လင့်တတ်သူပါ
ဂဏန်းပေးတဲ့ အိပ်မက်က..
ထီထွက်ပြီးမှ မက်တယ်.....
ကျနော် ကံကောင်းပါတယ်...
နောက်ဆုံးတော့
အရာရာဖေးမပီးတကယ်ချစ်တဲ့သူနဲ့တွေ့တယ်...
အဲလို အဲလို ပေါ့ချိုင့်ခွက်တွေနဲ့ အချစ်
သွေးပျောက်နေတဲ့ နှလုံးသား
ပြားနေတဲ့ ကိုယ်ချင်းစာတရား
နောက်ကျနေတဲ့ မျော်လင့်ချင်းနဲ့
မီးလောင်ပြင်အကြင်နာတရားပေါ်မှာ
ကံကောင်းခြင်း လေးကိုခေါင်းအုံးအိပ်ရင်းက
ကျနော် သိပ်ကဗျာဆန်နေတုံး
ဒီကဗျာလာဖတ်သူက
သူ့အမြင်ပြောသွားလေရဲ့
ကိုယ့်ကိုကိုယ် ဖော် မသူတော်....တဲ့
ကဲ....ကောင်းကြသေးရဲ့လား.....
ကိုဟန်

ချစ်သူအတွက်

တစ်ခါကလေ ...
ကိုယ်စဉ်းစားဘူးတာ....
သင့်တော်ရာနေရာလေးတစ်နေရာမှာ....
ကိုယ်ရယ်... မင်းရယ်.. ချစ်ခြင်းရယ်....
ဒါပဲနေကြမယ်လို့......
တကယ်ကြတော့လေ.....
နိဗာန်ယဉ်ဟာ...
အသက်မဲ့ခန္တာတွေကို သယ်သွားတယ်....
ယဉ်ရထား က .....
ခရီးသွားတွေကိုသယ်သွားတယ်..
မော်တော်ယဉ်ကလိုရာနှင်လို့ရတယ်.....
ကိုယ့်စိတ်ကူးယဉ်ကတော့လေ
ဘယ်လိုမှကို ခရီးမတွင်နိုင်ဘူး ခလေးရယ်.....။
အခုတော့လေ....
ချစ်ခြင်းက တခြား....
မင်း က တခြား
ကိုယ်က တခြား....
လွမ်းခြင်း ကိုစားရင်းခေါင်း မူးတယ် ခလေးရယ်....
ကိုယ်တကယ် တောင်းပန်ပါတယ်...
ကိုယ်စားရတဲ့ လွမ်းခြင်းတွေကို....
မင်း ကိုပါကျွေးမိလို့ပေါ့.....
ကျေနပ်ပါနော်...
နောက်တစ်ခါ တို့တွေမဝေးတော့ပါဘူး လို့...
သုံးခါမြောက် ရေရွတ်မိတယ်....
တစ်ကိုယ်ရေကြားလေးပေါ့........။ ။
ကိုဟန်

ဂလိုဘယ်လိုင်ဈေးရှင်း

မနှစ်က
အမေရိကမှာ
စီးပွားပျက်ကဒ် ကြုံတာလေမကြုံစဘူး
သမ္မတတောင်မျက်လုံးပြူးရသတဲ့........
ပြီးခဲ့တဲ့လကပေါ့
မက်ဆီကိုမှာရေကြီးတာ
လူ နှစ်ရာလောက်ပြောက်နေသတဲ့......
ပြီးခဲ့တဲ့အပတ်က
ဂါဇာ မှာ ဗုံးပေါက်တာ
လူတစ်ရာကျော်သေဆိုပဲ.........
ပြီးခဲ့တဲ့ရက်ကပေါ့
ကမ္ဘာ့စီးပွားပျက်ကဒ်ကြောင့်ဒူဘိုင်းမှာ
ဘဏ်တစ်ဘဏ်ပိတ်သွားတာငါ....
ပိုက်ဆံ နှစ်ထောင် ပါသွားပါရောလား..
ခုမှပဲ......
ကမ္ဘာ့အရေးဟာငါနဲ့ဆိုင်သွားတော့တယ်...
ငါ ကွ.....
ကမ္ဘာ့လူသား.............
ကိုဟန်

စိတ်ကူးသစ်ပင်

ကိုယ့်ဆန္ဒကိုပြောပြပါဆိုရင်...

ငါသစ်ပင် တပင် ဖြစ်ချင်တယ်....

အကိုင်းအခက်ဝေေ၀နဲ့...

ချစ်တဲ့ သူကို

နေပြောက်မထိုးစေချင်ဘူး

လေပြင်းမခစေချင်ဘူး..

မိုးသည်းမကျစေချင်ဘူး....

ကိုယ့်ကိုကိုယ် ယုံကြည်မှု့နည်းတာလားကွယ်...

သစ်ပင်မြင့်သွားရင်

ချစ်သူလေတိုက်မခံရစေချင်ဘူး....

သစ်ပင်နိမ့်သွားပြန်ရင်...

မလောက်မငှအသီးအပွင့်တွေနဲ့...

ချစ်သူ မချို့တဲ့စေချင်ပြန်ဘူး....

သစ်ပင် လုပ်ကာမှ..

သစ်ငုတ်ဖြစ်သွားပြန်ရင်လဲ ဒုက္ခ....

စဉ်းစားလိုက်တာချာချာကိုလည်လို့

နောက်ဆုံးတော့ အဖြေတခုရတယ်...

ချစ်တဲ့သူသေးသေးလေကိုမှ

ထားစရာရှာမရ တဲ့.....ငါ

ဘယ်မှာလာပီး

ငှက်တစ်သောင်းနားနိုင်တဲ့သစ်ပင်ဖြစ်နိုင်ပါဦးမလဲ ......

ဒုက္ခများစွာနဲ့....

ငါ.....လူဖြစ်နေတာပဲကောင်းပါတယ် ။ ။


ကိုဟန်

တော်တော်ဆိုးတဲ့ ငါ

ငါ... သိပ်ချစ်တတ်သူပါ.....
တခါ တခါ
ကိုယ့်နှလုံးသားကိုယ်မုန်းမိတဲ့အထိပဲငါ...
သိပ်ကဗျာဆန်ချင်သူပါ........
တခါ တခါ ကာရန်နဲ့ အိမ်ဆောက်မိတဲ့အထိပေါ့......
ငါ သိမ်ငြိမ်းချမ်းချင်သူပါ....
ဂါဇာ မှာ စစ်ပွဲရပ်သွားမယ်ဆိုရင်...
ကိုယ်တိုင်သေပေးချင် မိတဲ့အထိပေါ့.....
ငါ.. သိပ်ပျော်တတ်သူပါ...
တခါ တခါ ကိုယ့်မှာ လက်ပါတာတောင်မေ့တဲ့အထိပေါ့
ငါ.. သိပ်လွမ်းတတ်သူပါ...
တခါ တခါ ချစ်သူကိုကုတ်င်္အကျီ လိုဝတ်ထားချင်မိတဲ့အထိပေါ့
ငါ စဉ်းစားမိတယ်.....။
ဘာဖြစ်လို့များ မဖြစ်နိုင်တာတွေ
တွေးမိပါလိပ့်လို့
ရောက်နေတဲ့နေရာမှာပျော်အောင်နေတာ ကောင်းပါတယ် နော်........
ကိုဟန်

ချင်ချင်းနဲ့သင့်ချင်း...

ချင်ချင်း ကို တံတားထိုးပြီး
သင့်ချင်း ကို ထမ်းပိုးလို့....
လေပြင်းထန်ထန်ထဲမှာ
ခရီး ပြင်းနှင်လာတာ
ဆယ်နှစ်လောက်ကြာပေါ့
ရှေ့ကိုတစ်လှမ်းလျှောက်
နောက် ကိုနှစ်လှမ်းပြန်ရောက်ရင်း
သင့်ချင်းကလဲ လေးလိုက်တာ..
ခါးတွေလဲနာလှပါပြီ
ချင်ချင်း တံတားကိုအားနာလို့
ပန်းတိုင်ရယ်...
ငါ့နားလာပေးပါလားကွယ်...
အားလျော့တယ်မထင်နဲ့နော်...
တောင်းပန်နေတာမဟုတ်ပါဘူး
ညှိနှိင်းကြည့်တာပါ..
မဖြစ်နိုင်ဘူးဆိုရင်လဲ
အသက်ပဲ သေသေပေါ့
ချင်ချင်း တံတားရယ် တောင့်ထားပါကွာ
ငါ ရောက်အောင်သွားမယ်........။ ။
ကိုဟန်